(01) 505016, (01) 505261, (09) 43027527, (09) 43030813 [email protected]
previous arrow
next arrow
Slider

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ် ပြတိုက်သမိုင်း

မူးယစ်ဆေးဝါးသည် ကိုလိုနီနယ်ချဲ့တို့၏ အစွမ်းထက်သော နယ်ချဲ့လက်နက်တစ်ခုဖြစ်သည်။ လူမှုရေးနှင့်လူ့အရင်းအမြစ်စွမ်းအားများဖျက်ဆီးရာတွင် ထိရောက်စွာအသုံးပြုခဲ့ကြောင်း၊ သမိုင်းအ ထောက်အထားများအရ ရှုမြင်နိုင်မည်ဖြစ်သည်။ ခရစ်နှစ် ၁၆ ရာစုခန့်ကတည်းက ဒတ်(ချ်)နှင့် ရောမ ကုန်သည်များသည် အိန္ဒိယနိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဘိန်းကိုတင်သွင်းရောင်းချခဲ့သည်။ ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်နှင့်တနသာရီဒေသတွင် ကိုလိုနီနယ်ချဲ့တို့က လိုင်စင်ရ ဘိန်းခန်းများဖွင့်လှစ်ခဲ့ကြောင်းတွေ့ရသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာတိုင်းရင်း သားများ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်စွမ်းအင်များအား ရိုက်ချိုးဖျက်ဆီးရန်နှင့် ကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီယန္တရား သက်ဆိုးရှည်စေရန်တို့အတွက် “ဘိန်း” တည်းဟူသော မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ် သုံးစွဲနေခြင်းငှာ နည်းမျိုးစုံအသုံးချစီမံခဲ့ကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နယ်စပ်ဒေသများတွင် ကိုလိုနီနယ်ချဲ့တို့၏ပယောဂကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် အမြစ်တွင်ရှင်သန် ပေါက်ဖွားလာခဲ့ပါသည်။ ဘိန်းနှင့်စပ်နွယ်ပေါ် ပေါက်လာသော ဆိုးကျိုးများကို တိုင်းရင်းပြည်သူများ နှစ်ပေါင်း(၁၀၀)ကျော် တွေ့ကြုံခံစားခဲ့ရပြီးဖြစ် ပါသည်။ မျက်မှောက်ကာလတွင် လူသာများအား လွယ်ကူစွာဖျက်ဆီးလျက်ရှိသည့် ကြောက်မက်ဖွယ် ရာကောင်းသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့ပြည်သူများ ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်ကမ္ဘာမြေပြင်တစ်ခုလုံးမှ အပြီးအပိုင် ချုပ်ငြိမ်းပပျောက်သွားစေရန် မြန်မာတစ်မျိုးသားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်၍ တိုက်ဖျက်လျက်ရှိပါသည်။ ထို့အပြင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရေးလုံးဝချုပ်ငြိမ်းပပျောက်  စေရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။။ နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စီမံချက်များ စနစ်တကျရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။

လူသားမျိုးနွယ်ကို အညွန့်တုံးစေသော ကြောက်မက်ဖွယ် မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူတစ်ရပ်လုံး မျက်ဝါးထင်ထင် သိမြင်နားလည်ပြီး ရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံ ခေတ်အဆက်ဆက် မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို နိုင်ငံတကာက အဖြစ်မှန်အတိုင်း သိရှိနိုင်စေရန်အတွက် ဤမြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်ကြီးကို တည်ဆောက် ဖွင့်လှစ်ပြသခဲ့ခြင်း ဖြစ်ပါသည်။

တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်

ဤပြတိုက်ကြီးကို တည်ဆောက် ဖွင့်လှစ်ပြသရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လာရောက်လေ့ လာသူ လူငယ်လူရွယ်များ အပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက မူးယစ်ဆေးဝါး၏    ကြောက်မက်ဖွယ် အန္တရာယ် ကြီးမားပုံနှင့် ဆက်နွယ်ပေါ် ပေါက်လာသော ဆိုးကျိုးများ ခံစားရပုံတို့ကို  သင်ခန်းစာယူ ရှောင်ရှားနိုင်စေရန်နှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်စေရမည်ဟူသော  သန္နိဌာန်ချမှတ်ချက်ကို ဖေါ်ညွန်းပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။

တည်နေရာ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းနှင့်ကျွန်းတောလမ်းထောင့်တွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၁၅.၁၁ ဧက ရှိပါသည်။ ပြတိုက်မှာ မြေညီထပ်အပါအ၀င် (၄)ထပ်ဖြစ်ပြီး ပြခန်းများခင်းကျင်း တည်ဆောက်မှု လုပ်ငန်းများကို ၂၀၀၁ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၅ ရက်နေ့တွင် ပြီးစီးပါသည်။

ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်

မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ကြီးတည်ဆောက်ဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်မြန်မာအစိုးရအဆက်ဆက် မူးယစ်ဆေးဝါးပပျောက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို နောင်လာနောင်သားလူငယ်များ သိရှိနိုင်ကြစေရန်နှင့် နိုင်ငံ တကာသိရှိနိုင်စေရန် ရည်ရွယ်၍ ကမ္ပည်းမော်ကွန်းကျောက်စာ ရေးထိုးစိုက် ထူထားခြင်း ဖြစ်ပါသည်။

ပြတိုက်ဖွင့်လှစ်ခြင်း

ဤမြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ကြီးကို နိုင်ငံတကာ အဆင့်မီ တည်ဆောက် အောင်မြင်ခဲ့ပြီးဖြစ်ပါသဖြင့် မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက်၊ (၂၀၀၁ ခုနစ်၊ ဇွန်လ ၂၆ ရက်) နံနက် ၀၈၁၀ နာရီအချိန်တွင် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်နှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ကမ္ဗည်းမော်ကွန်း

၁။ မူးယစ်ဆေးဝါးသည် ကိုလိုနီနယ်ချဲ့တို့၏ အစွမ်းထက်သော နယ်ချဲ့လက်နက်တစ်ခုဖြစ်သည်။ လူမှုရေးနှင့်လူ့အရင်းအမြစ်စွမ်းအားများ ဖျက်ဆီးရာတွင် ထိရောက်စွာအသုံးပြုခဲ့ကြောင်း သမိုင်း အထောက်အထားများအရ ရှု့မြင်နိုင်မည်ဖြစ်သည်။ ခရစ်နှစ် ၁၆ ရာစုခန့်ကတည်းကဒတ်(ချ်)နှင့် ရောမ ကုန်သည်များသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဘိန်းကို တင်သွင်းဖြန့်ဖြူး ရောင်းချခဲ့သည်။ ခရစ်နှစ် ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရခိုင်နှင့် တနင်္သာရီဒေသတွင် ကိုလိုနီနယ်ချဲ့ တို့က လိုင်စင်ရဘိန်းခန်းများ ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရသည်။ ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာတိုင်းရင်းသားများ၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်စွမ်းရည်များအား ရိုက်ချိုးဖျက်ဆီးရန်နှင့် ကိုလိုနီနယ်ချဲ့တို့၏ ကိုလိုနီယန္တရား သက်ဆိုးရှည်စေရန်တို့အတွက် “ဘိန်း” တည်းဟူသော မူးယစ် ဆေးဝါးကို မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်စွာ စိုက်ပျိုးထုတ်လုပ်သုံးစွဲစေခြင်းငှာ နည်းမျိုးစုံ အသုံးချ စီမံခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်သည်။

၂။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နယ်စပ်ဒေသများတွင် ကိုလိုနီနယ်ချဲ့တို့၏ ပယောဂကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် အမြစ်တွယ်ရှင်သန်ပေါက်ဖွားလာခဲ့သည်။ ဘိန်းနှင့် ဆက်နွယ် ပေါ်ပေါက်လာသော ဆိုးကျိုးများကို တိုင်းရင်းသားပြည်သူများ နှစ်ပေါင်း ၁၀၀ ကျော် တွေ့ကြုံခံစား ခဲ့ကြရပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် လူသားများအား လွယ်ကူစွာဖျက်ဆီးလျက်ရှိသည့် ကြောက်မက်ဖွယ်ရာကောင်းသော မူးယစ်ဆေးဝါးအန္တရာယ်ကို ကမ္ဘာ့ပြည်သူများ ထိတ်လန့်စွာ ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။

၃။ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့မြေပြင်တစ်ခုလုံးမှ အပြီးအပိုင် ချုပ်ငြိမ်းပပျောက်သွားစေရန် မြန်မာတစ်မျိုးသားလုံးက အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အရှိန်အဟုန်မြှင့်၍ တိုက်ဖျက်လျက်ရှိသည်။ ထို့အပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်ရေး လုံးဝ ချုပ်ငြိမ်း ပပျောက်စေရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

၄။ နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် စီမံချက်များ စနစ်တကျ ရေးဆွဲ ချမှတ်ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း မိုးဟိန်းစစ်ဆင်ရေးအဆင့် (၁)မှ (၁၂) အထိ လည်းကောင်း၊ ငရဲပန်းစစ်ဆင်ရေးအဆင့် (၁) မှ (၈) အထိလည်းကောင်း၊ တောင်ရန်ရှင်းစစ်ဆင်ရေး အဆင့် (၁) မှ (၄) အထိလည်းကောင်း၊ မဲလုံး၊ နှင်းပန်း၊ ပေါက်ပန်း၊ တောင်ထိပ်ပန်း၊ ဟေမန်ဦး အစရှိသည့် ဒေသန္တရစစ်ဆင်ရေးများအားလည်းကောင်း၊ တပ်မတော်နှင့် ပြည်သူလက်တွဲပူးပေါင်း၍ အသက်သွေးချွေးမြောက်မြားစွာ စတေးပေးဆပ်ဆောင်ရွက်ခဲ့သည်။ မျက်မှောက်ကာလတွင်လည်း ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကြီးရေးဆွဲချမှတ်ကာ နိုင်ငံတော်အစိုးရနှင့်တိုင်းရင်းသားပြည်သူများ လက်တွဲပူးပေါင်း၍ တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၅။ လူသားမျိုးနွယ်ကို လူညွန့်တုံးစေသော ကြောက်မက်ဖွယ် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူ တစ်ရပ်လုံး မျက်ဝါးထင်ထင် သိမြင်နားလည်ပြီး ရှောင်ရှားနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ခေတ်အဆက် ဆက် မူးယစ်ဆေးဝါးပပျောက်ရေးကြိုးပမ်းဆောင်ရွက်ချက်များကို နိုင်ငံတကာက အဖြစ်မှန်အတိုင်း သိရှိနိုင်စေရန်အတွက် ဤမြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်ကြီးကို တည်ဆောက်ဖွင့်လှစ်ပြသရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်ချက်နှင့်အညီ တည်ဆောက်ခဲ့ခြင်းဖြစ်ပေသည်။

၆။ ဤပြတိုက်ကြီးကို တည်ဆောက်ဖွင့်လှစ်ပြသရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လာရောက် လေ့လာသူ လူငယ်လူရွယ်များအပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်အန္တရာယ်ကြီးမားပုံနှင့်ဆက်နွယ်ပေါ်ပေါက်လာသော ဆိုးကျိုးများခံစားရပုံတို့ကို သင်ခန်းစာရယူ ရှောင်ရှားနိုင်စေရန်ပင်ဖြစ်သည်။

၇။ ဤမြန်မာနိုင်ငံ မူးယစ်ဆေးဝါးပပျောက်ရေးအထိမ်းအမှတ်ပြတိုက်ကြီးကို ခန့်ညားထည်ဝါစွာ တည်ဆောက်နိုင်ရန်အတွက် မြန်မာသက္ကရာဇ် ၁၃၆၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း ၂ ရက် (၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်) နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က အုတ်မြစ်ချပေးခဲ့ပြီ စတင်တည်ဆောက်ခဲ့ရာ အောင်မြင်ပြီးမြောက် သဖြင့် မြန်မာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ ပထမဝါဆိုလဆန်း ၆ ရက် (၂၀၀၁ ခုနှစ် ဇွန်လ ၂၆ ရက် ) နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က ဖွင့်လှစ်ပေးခဲ့ကြောင်း ကမ္ဗည်းမော်ကွန်း တင်အပ်ပါသည်။